A-Z ဗုဒ္ဓဘာသာအကြောင်း (၁)

ပထမဆုံးအမှာစကား ပြောချင်ပါတယ်။ A Guide To Buddhism A to Z စာအုပ်က S- Dhammaki ဆိုတဲ့ သြစတေးလျ ရဟန်းတော်တစ်ပါး ရေးတဲ့စာအုပ်ပါ။ အက္ခရာစဉ်အလိုက် ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ ဝေါဟာရ၊ ထင်ရှားတဲ့ဆရာတော်၊ လူပုဂ္ဂိုလ်တွေကို အရင်းပြုထားတာပါ။ အက္ခရာစဉ်မှာ အင်္ဂလိပ်အက္ခရာအတိုင်းစဉ်ထားတာမို့ ကခဂဃင နဲ့တော့ သွားလို့မရတော့ပါဘူး။ A ဆိုရင် အဘိဓမ္မ၊ အဘိဓမ္မာ ပိဋကတ်စတာတွေနဲ့ ဖွင့်ဆိုသွားပါတယ်။ သိပ်သိပ်သည်းသည်းရှိပြီး ကျမ်းညွှန်းလည်တိကျလို့ ရှိသင့်တဲ့စာအုပ်လို့ ထင်ပါတယ်။

            ဒီစာအုပ်ထဲက မြန်မာတွေသိသင့်တယ် ထင်တာလေးတွေကို မျှဝေသွားဖို့ ဆန္ဒရှိပါတယ်။ အက္ခရာစဉ်ဆိုတော့ မတတ်နိုင်တော့ဘူး။ Abortion နဲ့ပဲ စလိုက်ပါရစေတော့။

Abortion (ကိုယ်ဝန်ဖျက်ချခြင်း)
            ပါဠိလို “ဂဗ္ဘပတန” လို့ ရှိပါတယ်။ ဒီကိုယ်ဝန်ဖျက်ချခြင်းဟာ ရှေးခေတ်ဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့ပါတယ်။ ခွဲစိတ်လို့ဖြစ်စေ၊ ကိုယ်ဝန်ကို ပျက်ကျစေအောင် ပြင်းပြင်းထန်ထန် ခါရမ်းခြင်းဖြင့်ဖြစ်စေ၊ ဆေးဝါးစသည် သုံးစွဲစေခြင်းအားဖြင့်ဖြစ်စေ ကိုယ်ဝန်ကိုကျစေနိုင်ပါတယ်။

            ဗုဒ္ဓဘာသာအရ ကိုယ်ဝန်တည်လိုက်သည်နှင့်တပြိုင်နက် သတ္တဝါက အသက်ရှိပြီမို့ ပါဏာတိပါတကံရောက်ပါတယ်။ ဇာတ်တော်များအရ ကိုယ်ဝန်ဖျက်ချခြင်းအားဖြင့် မကောင်းတဲ့ဘုံဘဝတွေမှာ မွေးဖွားစေနိုင်ပါတယ်။ ( ဇာတက- ၅၊ ၂၆၅) ရဟန်းသီလရှင်များ ဤကိစ္စကို မပြုလုပ်မိစေဖို့ ပြင်းပြင်းထန်ထန် တားမြစ်ပါတယ်။ ( ဝိနယ ၁၊ ၁၁)

            အချို့အခြေအနေများမှာ မိခင်ရဲ့အသက်ကို ကာကွယ်ဖို့ ကိုယ်ဝန်ကိုမလွဲမရှောင် ဖျက်ချရခြင်းလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် အများအားဖြင့်တော့ အရှက်ကိုကာကွယ်ဖို့နဲ့ ကလေးယူဖို့ အဆင်သင့် မဖြစ်သေးခြင်းစတဲ့ အကြောင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ၏ ရှုထောင့်အရ လွန်စွာကျိုးကြောင်းမညီညွတ်တဲ့ ဆင်ခြေများဖြစ်ပါတယ်။

            ကိုယ်ဝန်ဖျက်ချခြင်းသည် သီရိလင်္ကာနှင့် မြန်မာနိုင်ငံတွင် တရားဥပဒေနှင့်ဆန့်ကျင်ပြီး၊ ထိုင်းနိုင်ငံမှာတော့ တရားဥပဒေနဲ့ ညီတယ်လို့ သိရပါတယ်။

AJHAN CHAH- (အဂျန်ချာ)
            အဂျန်(အရှင်နှင့်တူမည်) ချာဟာ (၂၀) ရာစုမှာ အထင်ရှားဆုံး ကမ္မဌာန်းနည်းပြဆရာတော်တစ်ပါး လို့ပြောရင် ရကောင်းရပါတယ်။ ၁၉၁၈-ခု ထိုင်းနိုင်ငံမှာ မွေးဖွားတော်မူခဲ့ပြီး ငယ်စဉ်ကတည်းက သာမဏေဝတ်ခဲ့ပါတယ်။ နောက်ပိုင်း သမရိုးကျ ဘုန်းတော်ကြီးကျောင်း ရဟန်းဘဝကို ငြီးငွေ့ပြီးတောတောင်ထဲမှာပဲ လှည့်လည်တရားကျင့်နေခဲ့တယ်။ တဖြည်းဖြည်းနဲ့ တောကျောင်းတည်ထောင်ပြီး တရားဘာဝနာပွါးများလိုသူတွေကို နည်းပြပေးခဲ့ပါတယ်။
            အဂျန်ချာဟာ သူ့ရဲ့နွေးထွေးလှိုက်လှဲတဲ့ ပြုံးရွှင်စရာစကားတွေနဲ့ တရားရှုမှတ်မှုအပေါ်မှာ လက်တွေ့ကျပြီး ရှင်းလင်းတဲ့ ရုတ်တရက် အဖြေစကားတွေကြောင့် လူသိထင်ရှားခဲ့ပါတယ်။

            ၁၉၇၀- ဝန်းကျင်မှာတော့ အနောက်တိုင်းသား ယောဂီများကို စည်းရုံးနိုင်ခဲ့ပြီး တော်တော်များများ ရဟန်းဖြစ်၊ ရဟန်းတော်များကလည်း အနောက်တိုင်းနိုင်ငံများမှာ ကျောင်းတွေထောင်၊ တရားရိပ်သာတွေဖွင့် လုပ်ကြပါတယ်။

            သူကိုယ်တိုင် စာအုပ်မရေးခဲ့ပေမယ့် သူမိန့်ကြားခဲ့တဲ့စကားတွေ၊ တရားတွေ၊ ပုံတိုပတ်စတွေကတော့ အသံဖမ်းယူဖြန့်ချီကြလို့ ကမ္ဘာ့လူထုကြား တော်တော်ပျံ့နှံ့ပါတယ်။

            အဂျန်ချာဟာ ၁၉၉၂- ခုမှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါတယ်။
            (Venerable Father: A Life With Ajhan Chah, Paul Breiter, 1993)

ALPHABET- အက္ခရာ
            ပါဠိလို ဝဏ္ဏမာလာလို့ ခေါ်ပါတယ်။ အက္ခရာသီကုံးခြင်းပါ။
            ဘုရားရှင်ရဲ့ ဒေသနာတော်တွေကို ခရစ် (၂) ရာစုခန့်မှာ အက္ခရာအဖြစ်ရောက်ရှိခဲ့တယ်လို့ ယူဆရပါတယ်။ ဗြဟ္မီအက္ခရာ (Brahmi) နဲ့ပါ။ အသောကမင်းကြီး ရေးထွင်းခဲ့တဲ့ အက္ခရာနဲ့အတူတူပါ။ Brahmi ဘာသာမှာ အက္ခရာ (၇၂) လုံးရှိပြီး ဒီဘာသာစကားကနေ သီဟိုဠ်ဘာသာ၊ တိဗက်ဘာသာ၊ မြန်မာဘာသာ၊ ထိုင်းဘာသာနဲ့ ရှေးဟောင်းမလေးဘာသာတွေဆီ ကူးစက်သွားခဲ့ပါတယ်။ ဘုရားရှင်၏ အကျော်ကြားဆုံးစကားကတော့ “ မကောင်းမှုရှောင်၊ ကောင်မှုဆောင်၊ ဖြူအောင် စိတ်ကိုထား” ဆိုတာ ဖြစ်ပါတယ်။ ( ဒီဃ ၁၈၃) အောက်မှာ ပြထားတာက မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထားရဲ့ မူရင်းပါဠိအက္ခရာတွေပါ။




ဆုထားမျက်ချယ်













Copyright © 2011 ကမ်းလက်. All rights reserved.

Post a Comment