မဟာဂန္ဓာရုံဆရာတော်နှင့် မောင့်လပြည့်ဝန်း

မတူတာများကို နှိုင်းဦးအံ့။
            လဲ့ဂျင့်ကြီးများဖြစ်ကြသော (ဦး) စိုင်းခမ်းလိတ်ရေး၍ (ဦး) စိုင်းထီးဆိုင် ဆိုခဲ့သော သီချင်းပုဒ်ရေတို့ကား များလွန်းလှ၏။ အရေအတွက်ပင် မသိ။ သို့သော် မဂ္ဂဇင်းတစ်စောင်၌ ဖတ်ရဘူး၏။(ဦး) စိုင်းထီးဆိုင် ကိုယ်တိုင်ကြိုက်ပြီး ပရိတ်သတ်နှစ်သက်ဆုံးသီချင်းကို ပြပါဆိုလျှင်မူ “မောင့်လပြည့်ဝန်း” ဟူသတတ်။

            ရဟန်းပင်ဖြစ်သော်ငြား မောင့်လပြည့်ဝန်းကိုကား ခံစား၍ရ၏။

            စိုင်းခမ်းလိတ်ကား ရာပေါင်းများစွာ ရေးခဲ့ရ၏။ သူရေးသော တေးသီချင်းလည်း ကောင်းကြ၏။ သို့သော် ပရိတ်သတ်အကြိုက်ဆုံးဆိုသည့် “မောင့်လပြည့်ဝန်း” ကို ရေးသူကား ကိုနေဝင်း(မဇ္ဈိမလှိုင်း၊ မန္တလေး) ဖြစ်နေခဲ့၏။ ကိုနေဝင်းအတွက် ဝမ်းမြောက်ရသော်လည်း စိုင်းခမ်းလိတ်အတွက်ကား စိတ်မကောင်းစရာ ဖြစ်ရသည်။ အလွန်ရှားပါးသော တေးရေးဆရာကြီး ဖြစ်၏။

            မာဃလက္ဘက်ရည်ဆိုင်ထဲမှ ထွက်လာသောစကား မှန်ပါလျှင် ထိုမောင့်လပြည်ဝန်း၏ အဓိကကျသောအပိုဒ်သည် အိမ်သာထဲမှရသည်ဟု ဆို၏။(မာဃလက္ဘက်ရည်ဆိုင်ဟူသည် မာဃ သင်္ကန်းတိုက်ကဖွင့်သော အိမ်တော်ရာဘုရားထောင့်က ဆိုင်ဖြစ်သည်။ ကိုနေဝင်း၊ ကိုရဲလွင်၊ ကိုမောင်မောင်တို့ အုပ်စု လက္ဘက်ရည်သောက်တတ်သောဆိုင် ဖြစ်သည်။)

            ကိုနေဝင်း အိမ်သာတက်သည်။ သွပ်မိုးထားသော အိမ်သာ၌ အပေါက်ကလေးရှိသည်။ မော့ကြည့်ခိုက် ထိုအပေါက်ကလေးထဲမှ လပြည့်ဝန်းကို တွေ့ရသည်။ လက်ရွေ့၍ အိမ်သာနှင့် အိမ်သာမိုးအပေါက်ကမရွေ့။ ထို့ကြောင့် ထိုအပေါက်ထဲမှ မြင်နေရသော လပြည့်ဝန်းကလေး ကွယ်သွား၏။ ထိုအခါ “အမှောင်ညကို စွန့်သွားတဲ့……မောင့်လပြည့်ဝန်း” ဟူသော သံစဉ်နှင့် စာသားလေး ရလိုက်သည်ဟု ဆိုကြ၏။ ကိုနေဝင်းပါးစပ်က ထွက်ကျလာသည် မဟုတ်သဖြင့် မှန်၊ မမှန်ကား အတည်ပြုမရ။ သို့သော် ခံစား၍တော့ရ၏။

            မည်သို့ဆိုစေ စိုင်းထီးဆိုင်ဆိုခဲ့သော ရာပေါင်းများစွာ သီချင်းများတွင် အများစုသည် စိုင်းခမ်းလိတ်ရေး၏။ ကိုနေဝင်းရေးသောသီချင်းကား အနည်းငယ်သာ ဖြစ်သည်။ ထိုအနည်းငယ်တွင် ပရိတ်သတ်အနှစ်သက်ဆုံး သီချင်းတစ်ပုဒ် ပါသွားသည်။ ဤကိစ္စက စိုင်းခမ်းလိတ်ညံ့ခြင်းကြောင့် လုံးဝမဟုတ်။ စန်းဟု ပြောလိုက ပြောနိုင်သည်။ မလုံလောက်၊ ကံဟု ဆိုနိုင်ပြန်သည်။ မအပ်စပ်လှဟု ထင်သည်။ ထို့ကြောင့် မပြောလို။ စိုင်းခမ်းလိတ်ကိုလည်း လေးစား၏။ ချစ်၏။ ကိုနေဝင်းကိုလည်း လေးစား၏။ ချစ်၏။

            သီဟနာဒ (၃၅) နှစ်ပြည့်သောနှစ်၌ မိမိအပေါ် သြဇာလွှမ်းမိုးမှုအရှိဆုံး ဆရာတော်တစ်ပါးကို ရှာမိ၏။ ငယ်ဆရာ၊ ကြီးဆရာ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ၊ ဖတ်ဆရာ အစုံဖြစ်၏။ ဆရာလည်း စုံလှ၏။ မိုးကောင်းတိုက်၌ နေခဲ့သဖြင့် ဒေဝန်းဆရာတော်ကြီး၊ သိန်းသန်းဆရာတော်တို့နှင့်လည်း မကင်း။ ပညာတတ်ရဟန်းများ သိမ့်သိမ့်တုန်ရသော ဆရာတော်များဖြစ်၏။ လူပုဂ္ဂိုလ်များကမူ သိပ်မသိကြဟုထင်သည်။

            သာသနာ့တက္ကသိုလ်(မန္တလေး)၌ နေခဲ့ရသဖြင့် မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး၊ နာယကချုပ် ဆရာတော်တို့နှင့်လည်းမကင်း။




            သို့သော် မိမိလျှောက်လှမ်းနေရသော၊ လျှောက်လှမ်းနေဆဲဖြစ်သောလမ်းကြောင်း၏ အဓိက မီးရှူးးတိုင်ကား မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ဖြစ်နေခဲ့သည်။ သီဟနာဒသည် ရွှေကျင်မဟုတ်၊ မဟာဂန္ဓာရုံ၌လည်း မနေခဲ့ဖူး။ သို့သော် (သို့သော်တွေ များနေပြီ။ မတတ်နိုင်၊ လိုလျှင်တော့ သုံးရလိမ့်မည်။) ဘဝအပေါ် သြဇာအရှိဆုံးဆရာတော်ကား မဟာဂန္ဓာရုံ ဆရာတော် တည်းဟု အသက်(၃၅) နှစ်ပြည့် မွေးနေ့က သိလိုက်ရသည်။

            ဆရာတော် ဦဥက္ကဋ္ဌ၊ အရှင်အရိယာဝံသတို့ကိုလည်း ကြည်ညို၏။
            ဒေးဝန်းဆရာတော်၊ သိန်းသန်းဆရာတော်တို့ကိုလည်း ကြည်ညို၏။
            မင်းကွန်းတိပိဋကဆရာတော်ကြီးကိုလည်း လှိုက်လှိုက်လှဲလှဲ ကြည်ညို၏။

            အခြေပြုသဂြိုဟ်စာအုပ်နိဂုံး၌ အရှင်ဇနကာဘိဝံသ ရေးထားခဲ့သော ဆန္ဒလေးကို ကိုရင်ဘဝကတည်းက ကြည်ညိုသည်။ ဤစာအုပ်(အခြေပြုသဂြိုဟ်) ထက် ကောင်းသောစာအုပ် ပေါ်လာပါက ဤစာအုပ်(အခြေပြုသဂြိုဟ်)လေး ကွယ်ပရစ်ပါစေ၏ ဆုတောင်းပတ္ထနာပြုခဲ့၏။

            အရှင်မြတ်၏ကျမ်းစာအုပ် ကမ္ဘာရှည်သ၍ တည်ရစ်ပါစေဟု ဆုတောင်းတော် မမူခဲ့။ မည်ကဲ့သို့သော ဆရာတော်နည်း။ အတ္တအလွန် နည်းရှာ၏။ ဂိုဏ်း ဂဏကွဲ ကင်းတော်မူ၏။ ခေတ်မီ၏။ ရိုးသား၏။ အတွေးအမြင်ကား အထက်တန်းကျလှ၏။ စိတ်ကို ပြင်၏။ ရုပ်ကိုလည်း ပြင်၏။

            မှုံတေတေရဟန်းတို့ကို အားမပေး။ ပိန်သေးလွန်းသောရဟန်း ဆွမ်းပိုစားရန်၊ ပိုအိပ်စက်ရန် သြဝါဒပေး၏။ ရဟန်းများ ဗိုက်ခေါက်ထွက်နေသည်ကို သဘောတွေ့တော်မမူ။ ရဟန်းများ ရုပ်ချောနေရမည်ဟု ဆိုတော်မူ၏။ ကမ္ဘာက ပြောနေသည်။ ပါစင်နယ်လတီဟူသော ဗိုလ်စကား ဤဆရာတော်ကြီး မမှတ်သားဖူးခဲ့။ ဝဲ(လ်) ရောင်း(ဒ်ထ်) ဖြစ်ရမည်ဆိုသည့် အင်္ဂလိပ်စကားလုံး ဤဆရာတော်ကြီး ကြားဖူးတော်မမူလောက်။

            သို့သော် ဤဆရာတော်ကား ကြောက်စရာအလွန်ကောင်း၏။ “ကြောက်”ဟူသည် “Fear” ကို မဆိုလို။ “Respect, admire, hard to compare” စသော အက်ဂျစ်တစ်များကို ဆိုလိုသည်။

            သင်းပိုင်ဝတ်ရာတွင် နှစ်လိပ် လိပ်လျှင်မြဲပြီ။ သုံးလိပ် မလိပ်နှင့်၊ ဗိုက်ထွက်လာသည်။ ထို့ကြောင့် သင်းပိုင်ရှည်နေလျှင် ဖြတ်ပစ်ရမည်ဟု ဆိုမိန့်တော်မူ၏။နာမ်တရားသက်သက်ဖြင့် ခြောက်သွေ့နေသော အသိုင်းအဝိုင်းထဲ၌ ပြုပြင်ရမည့် ရုပ်တရားတို့ကို ရဲရဲကြီး မိတ်ဆက်တော်မူ၏။

            ဤဆရာတော်အကြောင်း ရေးသားရန် သီဟနာဒ၌ ဦးနှောက်မရှိ။ ဦးနှောက် မမှီ။ အခြေပြုသဂြိုဟ် နိဂုံးပတ္ထနာနှင့် သင်းပိုင်သုံးလိပ် မလိပ်ရဟူသော သြဝါဒစသည်တို့ကြောင့် ဖြစ်မည်။ ဘဝ၌ လွှမ်းမိုးမှု ကြီးလွန်းလှသည်။ သို့သော် မဖူးတွေ့ခဲ့ရ။ မဟာဂန္ဓာရုံ၌လည်း မနေခဲ့ရ။ ဆရာကား ဖြစ်ခဲ့၏။

            စဉ်းစားရန်တော့ ရှိသည်။ ဘုရားရှင်ကို ဆရာတင်ရန်၊ ဘုရားနှင့် နဖူးတွေ့၊ ဒူးတွေ့ ဖူးတွေ့ရန် မလို။ ဇေတဝန်ကျောင်း၌ သတင်းသုံးဖူးဖို့မလို။ ပုပ္ဖာရုံ၌ သတင်းသုံးဖူးဖို့ မလို။ ဆရာ တော်လိုက ထိုအရာများမရှိလည်း တော်လို့ရသည်။ ထို့ကြောင့် မဟာဂန္ဓာရုံဆရာတော်ကို တဖက်သတ် ဆရာတော်လိုက်၏။ နာမည်ကြီးသောကြောင့် မဟုတ်မှန်း သေချာ၏။ ထို့ကြောင့် ရှက်စရာလည်း မလိုတော့။

            ထို့ကြောင့် မဆိုင်ရာကို နှိုင်းသည်ဟု ဆိုခဲ့၏။

            စိုင်းထီးဆိုင်၏ များစွာသော သီချင်းများတွင် ပုဒ်ရေအနည်းငယ်သာ ရေးခဲ့သော ကိုနေဝင်း၏ “မောင့်လပြည့်ဝန်း” ကပရိသတ်အနှစ်ခြိုက်ဆုံး သီချင်းတစ်ပုဒ် ဖြစ်သကဲ့သို့၊ သီဟနာဒ၏ဘဝတွင် ဆရာပေါင်းများစွာ ရှိနေပါလျှက် မဆီမဆိုင် ကိုယ်မသိ၊ မဖူးခဲ့ရသော မဟာဂန္ဓာရုံဆရာတော်ကြီးက အင်ဖလူးယင့်(စ်) အကြီးဆုံး ဖြစ်နေခဲ့၏။ မတတ်နိုင်။

            စိုင်းခမ်းလိတ်အတွက် စိတ်မကောင်းရသလို ဆရာများကို တောင်းပန်ဖို့သာ ရှိတော့၏။
            ထို့ကြောင့် အရှင်ဇနကဘိဝံသနှင့် မောင့်လပြည့်ဝန်းဟု ရေးလိုက်မိခြင်း ဖြစ်၏။ ပုဂ္ဂလိက ခံယူချက်ဖြစ်၏။ ပြီးပြီဟုဆိုက ဆိုနိုင်၏။ ပြီးပါပြီ။

            ဤစာသည် တစ်စုံတစ်ရာကို မပေးနိုင်ဟုဆိုပါက ရီဆိုက်ကယ်ဘင်(ဓာတ်ဦးနှောက်အမှိုက်ပုံး) ထည့်လိုက်ကြပါစေဟူလို….။




သီဟနာဒ








Copyright © 2011 ကမ်းလက်. All rights reserved.

1 comments:

ဟီနှုပမာဖြစ်သည်။

Reply

Post a Comment