ငှက်ပျောအူစားသူများ


နားမလည်သောတပည့်ထက် နားမလည်သည်ကို နားလည်ချင်ယောင်ဆောင်သော၊ တနည်းသော် မရိုးသားသောတပည့်သည် ပို၍မိုက်မဲ၏ဟု ယုံကြည်သဖြင့် ဥာဏ်ထူးသောတပည့်ထက် ရူးမိုက်သောတပည့်မဖြစ်ရေးကို ရှေးရှုကာ ရိုးသားစွာပင် ဆိုရချေဦးတော့အံ့။

            ဒေသနာကား ဤသို့လာ၏။

            ဖေကာ ပိဏ္ဍူပမံ ရူပံ။ ရူပက္ခန္ဓာသည် ရေမြုပ်ဆိုင်နှင့်တူ၏။
            “ ရေမြုပ်၏ သဘောသည် အစုတ်စုတ်၊ အပေါက်ပေါက်၊ အတွင်းတွင်းရှိသကဲ့သို့ ထို့အတူ ဤ ရူပက္ခန္ဓာသည်လည်း ခံတွင်းပေါက်၊ နှာခေါင်းပေါက်၊ မျက်ကွင်းပေါက်အစရှိသည်တို့ဖြင့် အစုတ်စုတ်၊ အတွင်းတွင်း၊ အပေါက်ပေါက်ရှိရကား ရေမြုပ်နှင့်တူ၏။ ( ဂမ္ဘီရတ္ထဒေသနာ၊ သီးလုံးဆရာတော်ကြီး၊ နှာ-၂၁၇)

            မြစ်ချောင်းအင်းအိုင်နှင့် အလှမ်းဝေးပြီး “ ရေငံသောက်၊ မြက်ခြောက်စား” ဆိုသည့် အညာကျေးလက်၌ မွေးဖွားကြီးပြင်းခဲ့ရသော သီဟနာဒသည် ရေမြုပ်၏သဘာဝကို နားလည်သိ မသိ၊ ခံစားသိသာ သိ၏။ မြစ်ချောင်းထဲမှ ရေမြုပ်ကိုမသိသော်လည်း ရေချိုးသည့်အခါ၊ ခွက်ဆေးသည့်အခါ အသုံးပြု့သည့် ဖော့တုံးဟု ခေါ်လျှင်ရသည့် ရေမြုပ်ကိုတော့သိသည်။

            ထိုရေမြုပ်ကား လွန်စွာအသုံးကျ၏။ ဆပ်ပြာကုန်သက်သာ၏။ မန္တလေးနေစဉ်ကတည်းကပင် ဤကိစ္စကို သိခဲ့သည်။ ရေမြုပ်မသုံးပဲ ဆွမ်းဟင်းခွက်များဆေးလျှင် ဆပ်ပြာက သိပ်မခံ။ ထို့ကြောင့် ရေမြုပ်ကို သုံးခဲ့ရ၏။ ထိုစဉ်ကတဲက ဒေသနာတော်နှင့်ဆန့်ကျင်နေသည့်သဘောကို တွေးမိကာ ပြုံးမိ၏။

            ယခု ခေတ်မီလာပြီဖြစ်သဖြင့် အပေါက်ပေါက်၊ အတွင်းတွင်းတို့နှင့် ရေမြုပ်ကိုသုံးကာ ရေချိုးလာတတ်ပြီဖြစ်၏။ ထိုအပေါက်ပေါက်၊ အတွင်းတွင်းတို့ကြောင့်ပင် ဆပ်ပြာအနည်းငယ်မျှ သုံးသော်လည်း ရေချိုး၊ ဆပ်ပြာတိုက်ခြင်း ကိစ္စပြီး၏။

            ရွာမှာရှိစဉ်က အမဲသားဝယ်လျှင် အရွတ်ကိုရွေးဝယ်ဟု ပြောသောလူတစ်ယောက်ကို သတိရသည်။ သူက ဆို၏။ အရွတ်ဖတ်ကား ဝါးရခက်သဖြင့် ပို၍အစားခံသည်။ အရွတ်ဖတ်ကို မျိုချလျှင် အရွတ်ဖတ်တစ်တုံးဖြင့် ထမင်းတစ်နပ်လုံးပြီးတော့၏ဟူသတတ်။

            ထိုပုဂ္ဂိုလ်ကိုလည်းကောင်း၊ သီဟနာဒကိုလည်းကောင်း လူညံ့များဟုဆိုချေသော် ခံရပေတော့အံ့။

            ရူပက္ခန္ဓာကို မြစ်၊ ချောင်း၊ သမုဒ္ဒရာထဲက ရေမြုပ်ထက် ခွက်ဆေး၊ ကိုယ်တိုက်သော ရေမြုပ်၏အဓိပ္ပါယ်က ပိုထင်ရှားနေခြင်းကား ဝိပဿနာဥာဏ်ပါးလျမှုကြောင့်သာ ဖြစ်ပေတော့မည်။ ဆက်လက်ကြိုးစားရန်မှတပါး အခြားမရှိတော့လေပြီ။

            ဒေသနာကား လာပြန်၏။
            ဝေဒနာ ပုဗ္ဗုလူပမာ။
            “ ဝေဒနာသည် ရေပွက်နှင့် အဘယ်သို့တူသနည်းဟူမူကား မိုးပေါက်၊ ရေပြင်၊ ရေ၌ထိကျသော အစဉ်၊ မိုးပေါက်နှင့်အတူတကွပါလာသော လေအဟုန်၊ ဤလေးပါးသော အကြောင်းတို့ကြောင့် ပတ္တမြားလုံးနှင့်တူသော ရေပွက်ဖြစ်၏။ ထိုရေပွက်ကို မျက်စိအမြင်နှင့် ပြည့်စုံသော ယောင်္ကျားသည် ကမ်းနား၌ရပ်၍ အဖန်တလဲလဲ ကြည့်ရှုဆင်ခြင်သည်ရှိသော် အနှစ်သာရမှ ဆိတ်သည်ဖြစ်၍ ရိတ္တ၊ တုစ္ဆ အဖြစ်ကိုသာ ထင်မြင်လေ၏။ ( ဂမ္ဘီရတ္ထဒေသနာ၊ သီးလုံးဆရာတော်ကြီး၊ နှာ-၂၁၈)

            ဤရေပွက်ကိစ္စကို အနည်းငယ် သဘောပေါက်သလိုလို ရှိ၏။ အနည်းငယ်ဟူသည် မဆိုသလောက်ကိုသာ ဆိုလို၏။ သို့သော်-

            ဝေဒနာကိုကျော်ရန်ကား အခက်ဆုံးပင်။ အဘိဓမ္မာက ဝေဒနာကို စိတ်အားလုံး ဖြစ်တိုင်းပါသော စေတသိက်ဟုဆို၏။ ထို့ကြောင့် ရှောင်၍မရ။ လူသည်၊ တိရိစ္ဆာန်သည်၊ နတ်၊ ဗြဟ္မာ၊ ဘုရား ရဟန္တာသည် ဝေဒနာနှင့်တွဲနေ၏။ တနည်း ရေပွက်နှင့် တွဲနေ၏။ တချို့က ထုံပေပေနေတတ်သူများကို ခံစားမှုမရှိဟု ဆိုကြ၏။ အမှန်မူ ဥပေက္ခာဝေဒနာဖြစ်ကောင်းဖြစ်နိုင်ပြီး၊ မောဟနှင့်ယှဉ်နေသော ဝေဒနာလည်း ဖြစ်ကောင်းဖြစ်နိုင်၏။

            ဝေဒနာသည်ခြင်းတူသော်လည်း ဝေဒနာကို လက်ခံခြင်း၊ ရှုမြင်ခြင်း၌ကား ကွဲပြား သွားလေတော့၏။ ယောဂီစစ်စစ်တစ်ယောက်အတွက် ဝေဒနာကိုမှီ၍ သတိ၊ သမာဓိဖြစ်၏။ ဥာဏ်ထူးသူများ ပညာအထိပင်ဖြစ်နိုင်၏။ ယောဂီမစစ်တစစ်နှင့် ရှုမှတ်မှုမရှိဘူးသေးသူများ၌ ဒေါမနဿ၊ သောမနဿတို့ဖြစ်ဖို့များ၏။

            ရေချိုးစဉ် ဤဒေသနာကို သတိရခိုက် ရေပန်းမှကျလာသော ပူနွေးနွေးရေပေါက်များ ခန္ဓာကိုယ်ပေါ်ကျလာ၏။ ရေပွက်တော့မဟုတ်၊ ရေပေါက်မျှသာ။

            ဝေဒနာသည် ရေပေါက်နှင့်ကော တူ၍ရသလားဘုရား…။
            ဘုရားရှေ့ ငမိုက်သားကျူး၍ မေးမိ၏။
            ဘုရားက မည်သို့ဖြေမည်မသိ။ အရှင်အာနန္ဒာကလည်း မေးတော်မမူခဲ့။
            (……………………………………………………………………………………………..)

ဒေသနာကို ခုန်ရပေတော့အံ့။

သင်္ခါရာ ကဒလူပမာ။
            သင်္ခါရက္ခန္ဓာတို့သည် ငှက်ပျောတုံးနှင့် တူ၏။

            အဘယ်သို့ သင်္ခါရက္ခန္ဓာတို့သည် ငှက်ပျောတုံးနှင့် တူလေသနည်းဟူမူကား အနှစ်ကို အလိုရှိသော ယောက်ျားသည် ထက်လှစွာသောဓါးမကို စွဲကိုင်၍ ငှက်ပျောပင်၏ အရင်းအဖျားကို ဖြတ်ပြီးသော် အပေါ်ထပ်ကိုခွါ၍ အနှစ်ကို ရှာလေရာ၏။ အလယ်ထပ်ကိုခွါ၍ အနှစ်ကို ရှာလေရာ၏။ အတွင်းထပ်ကိုခွါ၍ အနှစ်ကို ရှာလေရာ၏။ အနှစ်ကိုရှာသော်လည်း အကာကိုမျှမရသည်သာ ဖြစ်၏။ ထိုယောက်ျား၏ ငှက်ပျောတုံးကို မျက်စိအမြင်နှင့်ပြည့်စုံသော ယောက်ျားသည် အနီး၌ရပ်၍ အဖန်တလဲလဲ ကြည့်ရှုဆင်ခြင်သည်ရှိသော် အနှစ်သာရမှဆိတ်သည်ဖြစ်၍ ရိတ္တ၊ တုစ္ဆအဖြစ်ကိုသာ ထင်မြင်သကဲ့သို့ ထို့အတူ သင်္ခါရက္ခန္ဓာကို ပညာစက္ခုဖြင့် အဖန်တလဲလဲ ကြည့်ရှုဆင်ခြင်သောသူအား အနှစ်သာရမှ ဆိတ်သည်ဖြစ်၍ ရိတ္တ၊ တုစ္ဆအဖြစ်ကိုသာ ထင်မြင်လေ၏ ” ( ဂမ္ဘီရတ္ထဒေသနာ၊ သီးလုံးဆရာတော်ကြီး၊ နှာ-၂၁၉)

            ငှက်ပျောပင်ကို ခုတ်လိုက်ကြ၏။ ငှက်ပျောပင်ကိုဖြတ်၍ ငှက်ပျောတုံးကို ခွါကြ၏။ အပေါ်ယံအလွှာ၊ အလယ်အလွှာ၊ အကြမ်းစားအလွှာတို့ကို ဖယ်ကြ၏။ တွေ့ရပါလေပြီ။ ဖွေးဖွေးဥဥ၊ နုနုထွက်ထွက် အလယ်က ငှက်ပျောအူကလေး။

            သူတို့ကောက်ယူလိုက်ကြ၏။ လိုချင်တာ ရကြလေပြီ။

            ထိုငှက်ပျောအူကလေးကို အပိုင်းပိုင်းစိတ်ကာ မုန့်ဟင်းခါးချက်စားရန် ပြင်ကြတော့၏။ (မဝါဝါလွင်နှင့် သူမ သူငယ်ချင်းကို မဆိုလို)။

            ဘုရားရှင်က ငှက်ပျောတုံး၌ အနှစ်သာရမရှိဟု မိန့်ထားသော်လည်း၊ လူကား အနှစ်မပါလည်း ကိစ္စမရှိ၊ အူတိုင်ကိုလည်း ယူကြ၊ စားကြလေသောကြောင့် ငှက်ပျောတုံးများလည်း မုန့်ဟင်းခါး ချက်တိုင်း အသုံးဝင်လေတော့၏။

            ဤသို့ ဤသို့ဖြင့်ပင်

            ဝေနေယျတို့ကို သနားတတ်သော မဟာပုရိသများလည်း ရှိနေခြင်း၊ သင်္ခါရက္ခန္ဓာက အနှစ် ကင်းသော်လည်း သင်္ခါရက္ခန္ဓာအူတိုင်ကိုစားလိုသော ပုထုဇဉ်များရှိနေခြင်း။

            ဗုဒ္ဓ အဆက်ဆက်ကလည်း အူတိုင်ကို အူတိုင်ဟု အသိပေးလိုခြင်း

            လူကလည်း အူတိုင်မှန်းသိလျှက် စားလိုခြင်းတို့ကြောင့် လောကကြီးထဲ၌ ဘုရားရှင်များလည်း အနှေးအမြန်သာကွာပြီး ပွင့်တော့ ပွင့်ကြလိမ့်ဦးမည်

            သီဟနာဒကား ထိုငှက်ပျောအူဖြင့်ချက်ရသော မုန့်ဟင်းခါးကို တမ်းတဆဲပင် ဖြစ်၏။ ရသတဏှာတည်း။ မတတ်နိုင်။ ဟမ္ဘာဂါ မႀကိဳက္၊ ဟမ္ဘာဂါအေပၚ၌ ရသတဏွာမရွိ။ ငှက်ပျောအူတဏှာကား အားကောင်းမောင်းသန်ရှိဆဲတည်း။

            မဆိုင်သော်လည်း ပြောချင်၏။ ငှက်ပျောတုံးကြီးကိုကား မကြိုက်။







သီဟနာဒ





















Copyright © 2011 ကမ်းလက်. All rights reserved.

Post a Comment