လူသိနည်းသည့် ရဟန်းဒုက္ခ



ဒကာတစ်ယောက်နှင့် အတူတက္ကစီစီးကာ တန်တောက် စင်းဆေးရုံမှ ပြန်လာခဲ့၏။ ကျောင်း၏ ဖောင်းဒင်း မန်ဘာဒကာကြီးတစ်ယောက်အတွက် ဗောဇ္ဈင်သုတ် သွားရွတ်ရာမှ ပြန်လာခြင်းဖြစ်၏။ P.I.E လမ်းပေါ်မှာ….  

“ဒုန်း - ဒုန်း - ဒုန်း”



အသံကြီး သုံးသံဆက်တိုက်ကြားလိုက်ရပြီး တဒင်္ဂမျှ အသက်ရှုဖို့မေ့သွားခဲ့၏။ အသက်ကမူ ရှုဆဲ၊ ရှူနေသည်ကို မသိတာလည်းဖြစ်နိုင်၏။ တဒင်္ဂမျှ ကြာသောအခါ ရှေ့နောက်ဝဲယာ ကို ကြည့် လိုက်မိ၏။

ဘုရား… ဘုရား …. ။ စီးလာသော တက္ကစီ၏ အဖုံးများလွင့်ပျံထွက်သွားပါလား။ ကားသုံးစီး ဆက်တိုက် တိုက်မိခြင်းတည်း။ ကားနောက်ခန်းမှ ထိုင်နေခဲ့သော်လည်း ထိုနေ့က ကံကောင်းထောက်မ စွာ ထိုင်ခုံခါးပတ် ပတ်ထားခဲ့မိ၏။ ထို့နောက်လက်ကိုလှုပ်ကြည့်၏။ ခါးကိုဆန့်ကြည့်၏။ ခြေကိုဆန့်ကြည့်၏။ လည်ပင်းကို လှုပ်ရှားကြည့်၏။ အမှားအယွင်းမရှိ။ ဘာမှ မဖြစ်။ ကားက မူ ရုပ်ပျက်ဆင်းပျက်။

ထိုဒကာနှင့်အတူကားပေါ်မှ ဘာမှ မဖြစ်သကဲ့သို့ခပ်တည်တည် ဆင်းကာ သူ့ကိုပင် ဘာဖြစ်သေး လဲဟု မေးမိ၏။ ထိုဒကာနှင့် တက္ကစီသမားလည်း ကျန်းမာပကတိ ရှိကြ၏။ ကံကောင်းသည် ဟုဆိုရမည် မှာ နောက်မှ ရှေ့ဆင့်နောက်ဆင့် တိုက်လိုက်သော ကားနှစ်စီးတွင် တစ်စီးမှ လော်ရီကားမပါခြင်းတည်း။



ထို့နောက်တက္ကစီ နောက်တစ်စီးကိုငှားကာ ကျောင်းသို့ ပြန်လာခဲ့ကြ၏။

“ အရှင်ဘုရားရယ်…. ရင်တုန်ပန်းတုန်ရှိလိုက်တာ ဘလက်ဇင်( Blessing ) လုပ်ပေးပါဦး”  ဟု မိမိလောက် အန္တရယ်မရှိသောနေရာတွင် ထိုင်ခဲ့သော ဒကာက လျှောက်၏။ အမှန်မူ ရဟန်းလည်း လူဖြစ်၏။ ထို့ထက်ရှင်းအောင်ဆိုရလျှင် သီဟနာဒဆိုသည့် ရဟန်း၌ ဒေါသကိလေသာရှိဆဲတည်း ။ ကြောက်၏။ (ကိလေသာ ဆယ်ပါးချမ်းသာသည့် ရဟန်းဖြစ်၏။ တစ်ပါးမှ မသုံးရသေး။ မကုန်သေး ဟူလို) သို့သော် ကြောက်စိတ်မပြေရှာသေးသော ထိုဒကာကိုမူ ချွေးသိပ်ရန်တာဝန်ရှိနေ၏။ ရဟန်းပေကိုး။

ဂုဏ်တော်ကိုးပါးကို ခပ်တိုးတိုးရွတ်၏။ ယံ ဒုန္နိမိတ္တံကိုရွတ်၏။ ဘဝတု သဗ္ဗမင်္ဂလံကို ရွတ်၏။ သဗ္ဗီတိယောကို ရွတ်၏။ ပန်းခက်လေးဖြင့် ပရိတ်ရေဖြန်းပေးလိုက်၏။



“ ကျေးဇူးပါအရှင်ဘုရားရယ်။ အခုမှ နေသာထိုင်သာ ရှိသွားတော့တယ်” ဟု ထိုဒကာက လျှောက်ကာပြန်သွား၏။

“ အင်း…. ငါကရော ဘယ်သူ့ကိုသွားပြီး Blessing အလုပ်ခိုင်းရပါ့။ သေတွင်း မှ လက်နှစ်လုံးလောက်သာ လွတ်ခဲ့၏။ ရင်ခုန်၊ ရင်တုန်သံများ မငြိမ်းသေး “

ရဟန်းဖြစ်သည့်အတွက် ခပ်တည်တည်ဖြင့်ပင် ဟန်ဆောင်လိုက်ရ၏။
လိမ်လည်မှုလေလော? အပြစ်မဟုတ်ဟုတော့ထင်၏။

သီဟနာဒ



29/12/2011



Copyright © 2011 ကမ်းလက်. All rights reserved.

Post a Comment