"မန်းကိုလွမ်းလို့ တမ်းတဲ့စာ"
(ဘာမှမဟုတ်)

လူကလေးရဲ့ ချော့စရာ
မိတ္ထီလာကန်တော်အောက်က
ဖားကောက်ခဲ့ပါ။
ဖားပါရင်တစ်ကောင်ပေးပါ
မျက်လုံးရယ်ကြောင်တောင်တောင်နဲ့
ဖားကောင်ကသေး။


လူကလေးရဲ.ချော့ စရာလဲမရှိထသော မိတ္ထီလာကန်တော်ကြီးလည်း မရှိထသော ဖားကောက် စရာလည်း မရှိထသော မျက်လုံးကြောင်တောင်တောင်လည်း မရှိထသော ဖားကောင်က လည်း မသေးငယ်ထသော ဤ ကဲ့သို့သော ဒေသနာတော်နှင့်အညီ ဤမရှိရာဖြစ်သော နိဗ္ဗာန် မြန်မြန်ကြီး ရရပါလို၏ ဟုဆုတောင်းကြကုန်။ (အရှင် ဇနကာ ဘိဝံသ၏နံနက်ခင်းသြဝါဒများ နှာ-၂၇၂) အရှင်မဟောသဓပဏ္ဍိတ။




"ရပ်" ကိုယ်တော်တိအာဒိံကတွာ
" ထိုင်" ကိုယ်တော်တိ တစတစ
ပြောကာဟောကာ ပလာပေတွာ
"တို့ ကိုယ်တော်" တိ ပဝုစ္စတိ။


(မန္တလေးမြို့ မိုးကောင်းတိုက် ဒေးဝန်းဆရာတော်ဦးဇောတိကာဘိဝံသ၏ အတ္ထုပတ္တိ.... ဦးပဏ္ဍိစ္စာဘိဝံသ သိန်းသန်းကျောင်းဆရာတော်)

ကိုယ်တော်တိ -နေရာထိုင်ခင်းသည့် ထိုင်ခုံတစ်နေရာ အသေအချာ ရှိနေသော်လည်း ဝါတော်က ငယ်ငယ်စကားတော်ကလဲ မကြွယ် သေးသမို့ ဝင်ထိုင်ရဲဖို့ ဝေလာဝေး မျက်လွှာလေး အသာချ လောင်းသမျှ မတ်တတ်လေးသာခံယူရရှာသော " ရပ်" ကိုယ်တော်ဘဝကို အာဒိံကတွာ -အစပြု ၍ "ထိုင်" ကိုယ်တော်တိတစတစ - တစ်နေ့ပြီးတစ်နေ့ တစ်လပြီး တစ်လ  တစ်နှစ်ပြီးတစ်နှစ် မျက်လုံး ချင်းအကြိမ်ကြိမ်ဆုံထိုင်ခုံလေးကိုလှမ်းလှမ်းကြည့် ဤသည်ကို ရိပ်မိ သော တကာ တကာမတို့ က ကြွပါအရှင်ဘုရား၊ ထိုင်ခုံပေါ်မှာ ခဏနားတော်မူရင်း ဆွမ်းဟင်းဆွမ်းခံယူ ဖိတ်ကြားသူရှိမှ ထိုင်ရသော"ထိုင်" ကိုယ်တော် ရာထူးကို ရပြီးလျှင် - ပြောကာဟောကာ ပလာပေတွာ -ဘုရားစကားပြော တရားစကားဟော မေးတာလေးတွေ ကိုဖြေ- ဖြေချင်တာလေး တွေမေး ကလေးတွေရောနေကောင်းကြရဲ့ လား။ အမှန်တစ်ကယ် မလုပ်လို သော်လည်း မလုပ်က အာမစို သမို့ ထိုထိုဤဤစကားများအမှားမရှိရအောင် သတိ ဆောင် ပြောနိုင်သည့်နောက်မှာ မှ-"တို့ ကိုယ်တော်" တိ ပဝုစ္စတိ-  ဒါမှ ငါတို့ ဆွမ်းခံကိုယ်တော် ဟူ၍ ပဝုစ္စတိ-အလှမ်းမဝေး တကာတကာမတို့ က ဆွမ်းခံကိုယ်တော်တ ကာတို့ ၏အညွန့် အဖူး တို့ ကိုယ်တော်ဟူသည့် ဂုဏ်ထူးဖြင့် ခေါ်ဝေါ်ပညတ် သမုတ်တော်မူကြသတတ်။
(အနက်ကားသီဟနာဒ၏ ဖြစ်ကတတ်ဆန်း အနက် ဖြစ်သည်။)

"ဟဲ့ မောင်ပဉ္ဇင်း - ဈေးချို တစ်ဝိုက်မှာလောင်တဲ့ မီးက နာရီစင်အိမ်(နာရီစင်နားမှာရှိတဲ့ အိမ်) နားရောက်နေပြီလား"
"မရောက်သေးပါဘုရား"
"မောင်ပဉ္ဇင်း ပြင်လျှောက်စမ်း မရောက်ပါဘူးဘုရားဟု လျှောက်စမ်း၊ 
မရောက်သေးဘူးဆိုတာရောက်လာမယ့် အနက်ထွက်တယ်။”
"မှန်ပါ မရောက်ပါဘုရား"
(ဒေးဝန်းဆရာတော်ကြီးနှင့် သီဟနာဒ)

မြို့မှာတော့ အမေ
သားမှာရဟန်းမို့

ဖဝါးနာအောင်လှမ်းပါမှ
စားစရာဆွမ်းဆိုတာရပါတယ်။
အလွယ်နဲ့မရတဲ့ ဆွမ်း
အရွယ်နဲ့မမျှအောင် ပမ်း

အစွမ်းကုန်အောင်လမ်းစုံကြွ
ဒုက္ခနဲ့ ရင်ဆိုင်ရတဲ့အခါ
ကိုယ့်ရွာ ကိုယ့် အရပ် ကိုယ့် အမေကပ်တဲ့
တစ်ထပ်စာဆွမ်းကိုပဲ
မပြတ်သာလွမ်းမိပါရဲ့  ......အမေ။

စင်္ကာပူမှာတော့ အမေ
သားဟာရဟန်းဆိုပေမယ့်

ဖဝါးနာအောင်လှမ်းဖို့မလို
လှမ်းလိုကရဲကိုအကြောင်းကြား
သူ့တရားဥပဒေနဲ့သူ
(ဒါနဲ့)အလွယ်တကူ စားပွဲပေါ်ကဆွမ်းကို
တကယ်ယူခဲ့တော်မူရပေါ့....လွမ်း....အမေ။

အလွယ်နဲ့ရတဲ့ဆွမ်း
တစ်ကယ်လည်းစားရ ပမ်း

တရုတ်တွေရမ်းရမ်းချက်သမျှ
I'll try my best ပါ့လို့ အံခဲပြီး
ရေခွက်လေးစားပွဲပေါ် တင်
မနင်ခင်ရေကြိုကြို သောက်
ရွာကတစ်ယောက်ယောက်များတွေ့ရင်

ဘယ်လိုဘဲပြောပြော
စင်္ကာပူမှာ တစ်စင်ထူနိုင်ပေမယ့် ကိုယ့်ရွာအရပ်
ကိုယ့်အမေကပ်တဲ့
(ဆူးပုတ်ရွက်နဲ့ ကြက်ဥမွှေကြော်)
တစ်ထပ်စာဆွမ်းကိုတော့
မပြတ်သာလွမ်းရဆဲပါ အမေရယ်။
(သီဟနာဒ၏ကျေးဇူးရှင်မိခင်သို့)


စာပြီးအမှာ။ ။
မန္တလေးဆွမ်းခံကိုယ်တော်များတွင် ရပ်ကိုယ်တော် ထိုင်ကိုယ်တော် တို့ကိုယ်တော်ဟုသုံးမျိုး ရှိ၏။ ရာထူးခြင်းကွာခြားသလို ဟင်းများလည်းကွာခြားတတ်၏။ဤသည်ကို ကျေးဇူးရှင် ဒေးဝန်း ဆရာတော်ကြီး ကပြုံးချင်စဖွယ် ဂါထာလေး ရွတ်ဆိုပြခြင်းဖြစ်၏။

ကံကောင်းစွာ ထိုဂါထာလေးကိုပြန်ရွတ်ကြည့်ရာရင်ထဲရှိနေသေးသည်ကိုတွေ့ရ၏။ဆရာတော်သည် မည်မျှ သဒ္ဒါကိုအရေးထားကြောင်း "မရောက်သေး" ဟူသည် ရောက်လာရန်ရှိ၏။ မရောက်ဟု ပြင်လျှောက်ရမည် ဟုဆိုသောစကားဖြင့် သိသာပြီ။ ထိုဆရာတော်မျိုးထံတွင် စာတက်ရခြင်းကလုံးဝ မလွယ်ကူချေ။ ဘာမှမဟုတ်။ မန်းကဆရာသမားများကို ကမ်းစာမပါးနိုင်တော့သည့်အတွက် မျက်ခွက်ဘုတ်အုပ်ကပင် တမ်းစာပို့(စ်) လိုက်ရတော့၏။ (သီဟနာဒ)

အမှန်တစ်ကယ်တွင်ဤစာကိုဆုံးမည်ဆိုက ဤ၌ဆုံးလို့ရ၏။ သို့သော်ခပ်တည်တည်နှင့် "သော" သွားတော်မူသည့် ဆရာတော်ကြီးအရှင်ဇနကာဘိဝံသကိုပူဇော်လိုသေး၏။ ထို့ကြောင့်လေးဖြူ၏ နောက်ဆုံးရထား အပိုဒ်လေး တစ်ပိုဒ်ကိုရေးကူးမိ၏။




တို့နှစ်ယောက်ရဲ့ မြင်ကွင်းကြည့်ရင်းနဲ့ဝေးကွာခဲ့
တဖြည်းဖြည်း မှေးမှိန်သွားရင်း
အစက်အပြောက်လေးသာကျန်ခဲ့
ရေး----ရေးးး။


တို့နှစ်ယောက်ရဲ့ မြင်ကွင်းလည်းမရှိထသော ကြည့်ရင်းနဲ့ဝေးကွာခြင်း လည်းမရှိထသော တစ်ဖြည်းဖြည်းမှေးမှိန်ခြင်းလည်း မရှိထသော (ဒုက္ခဟူသမျှ) အစက်အပြောက်လေး မျှပင် မကျန်ရစ်သော ရေး.....ရေး ဟုအာခေါင်ခြစ်အော်ဟစ်ရန်မလိုတော့သော နိဗ္ဗာန်ကို ဆုတောင်း ပတ္ထနာပြုကြကုန်သတည်း။

ဤ၌အမှန်တစ်ကယ်ပြီးဆုံးပြီဖြစ်၏။



သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

Post a Comment